Local News

ဝယ်သူဈေးကွက်ဖြစ်နေဆဲ မတ်ပဲ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းများဟာ ယခင်လအတွင်းက တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဝန်းကျင် ရှိခဲ့ပေမယ့် နိုဝင်ဘာလကုန်ပိုင်းကနေစပြီး တစ်တင်းလျှင် ကျပ် ၆၀၀၀၀ အောက်ကို သိသိသာသာကျဆင်းလာတာတွေ့ရပါတယ်။

ယခင်နှစ်ကာလတူဈေးနှုန်းနဲ့ နှိုင်းယှဥ်ရင်တော့ ယခင်နှစ်က ဒီလိုအချိန်မှာ မတ်ပဲ တစ်တင်းလျှင် ကျပ် ၃၃၀၀၀ ဝန်းကျင်ရှိခဲ့တာဖြစ်ပြီး ယခုနှစ်မှာ ဈေးပိုရနေတယ်ထင်ရပေမယ့် ဒါဟာ ယခင်နှစ်ကာလထက် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေတာကြောင့်လည်း ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးရဲ့ တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းများကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ တစ်တင်းလျှင် ကျပ် ၅၆၁၀၀ ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျပ် ၅၅၅၀၀၊ ၂ ရက်နေ့မှာ ကျပ်၅၆၃၀၀၊ ၃ ရက်နေ့မှာ ကျပ်၅၆၃၀၀၊ ၅ ရက်နေ့မှာ ကျပ်၅၆၂၀၀ ၊ ၆ ရက်နေ့မှာ ကျပ် ၅၅၈၀၀ ကျပ် အသီးသီးဖြစ်ခဲ့ပါတယ်။

မတ်ပဲ CNF ဈေးနှုန်းအပြောင်းအလဲမရှိကျဆင်းနေခြင်းကြောင့် မတ်ပဲဈေးနှုန်းများအကျ ဘက်တွင်ဆက်ရှိနေကြောင်း Agri World Mumbai ကတင်ပြထားပါတယ်။ မြန်မာဘက်က မတ်ပဲ ရောင်းလက်တွေကတော့ လက်ထဲမှာ မတ်ပဲဟောင်းလက်ကျန် တန်ချိန် ၁ သောင်းခွဲဝန်းကျင် ရှိနေတာမို့လို့ ရောင်းလိုအား အားသာနေပြီး ယခုနှစ်မတ်ပဲစိုက်ရာသီမှာယခင်နှစ်ကထက် စိုက်ဧက တိုးလာနိုင်တယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဆောင်းရာသီ ရောက်ရှိနေပြီဖြစ်ပေမယ့် မျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး။ 

မတ်ပဲအရောင်းအဝယ်က အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းပဲခွဲစက်တွေရဲ့ လိုအပ်ချက်ပေါ် မူတည် နေပါတယ်။ လက်ရှိမှာလဲ စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်းစိုက်ပျိုးတဲ့ ဆောင်းသီးနှံ 60%-70% ဟာလည်း ဈေးကွက်ထဲဝင်လာနေပြီဖြစ်ပါတယ်။ မတ်ပဲဈေးနှုန်းကတော့ မြန်မာမတ်ပဲ ဈေးကွက်ရဲ့ CNF ပေါက်ဈေး၊ အိန္ဒိယ ရူပီးငွေတန်ဖိုး၊ အိန္ဒိယနဲ့မြန်မာနိုင်ငံတောင်ပိုင်းဒေသများရဲ့ ရာသီဥတုအခြေအနေတွေအပေါ်မှာ ဆက်လက်မူတည်နေဦးမှာပါ။ အိန္ဒိယရဲ့ စိုက်ပျိုးရေးဝန်ကြီး ဌာနကတော့ သူတို့ရဲ့ပြည်တွင်းစိုက်မတ်ပဲ  2.94 တန် ဝယ်ယူထားပြီးပြီ လို့အတည်ပြုပါတယ်။ အရည်အသွေးကောင်းမတ်ပဲကို MSP နှုန်းထက်ဈေးပေးဝယ်ယူပါတယ်။ NAFED ကတော့ မဟာရပ်ရှ်ထရာ ပြည်နယ်မှာ MSP နှုန်းအတိုင်း တကွမ်တယ်ကို Rs 6600 နဲ့ မတ်ပဲ 9 တန် ဝယ်ယူထားကြောင်း Agri World Mumbai ကဖော်ပြထားပါတယ်။

Category: Local News